နေ့စဉ်ဘဝတွင် သကြားပါဝင်သော အစားအစာများနှင့် အချိုရည်များကို မသိမသာ အလွန်အကျွံ စားသုံးနေကြပါသည်။ သကြားအလွန်အကျွံ စားသုံးခြင်းသည် ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အသည်းအဆီတက်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း စသည့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အထူးသဖြင့်
-မကြာခဏ ဆာလောင်ခြင်း
-အလွန်မောပန်းခြင်း
-ဆီးခဏခဏသွားရခြင်း
-အလေးချိန်မထိန်းနိုင်ခြင်း
စသည့် လက္ခဏာများ ရှိနေပါက သွေးတွင်းသကြားဓာတ် မညီမျှနိုင်ခြေ ရှိပါသည်။
✅ သကြားဖြတ်လိုက်ရင် ဘာတွေထူးခြားလာမလဲ?
- ကိုယ်အလေးချိန် ကျဆင်းလာခြင်း: ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ဗိုက်ခေါက်ထွက်ခြင်းကို သက်သာစေပါသည်။
- အသားအရေ ကြည်လင်လာခြင်း: သကြားဟာ အရေပြားကို ရောင်ရမ်းစေပြီး ဝက်ခြံထွက်စေပါတယ်။ သကြားဖြတ်လိုက်ရင် အသားအရေက ပိုမိုနုပျိုကြည်လင်လာပါ သည်။
- စွမ်းအင် ပိုမိုကောင်းမွန်လာခြင်း: သကြားစားပြီးခဏပဲ တက်ကြွပြီး ပြန်နုံးသွားတတ်တဲ့ (Sugar Crash) ဖြစ်စဉ်မျိုး မရှိတော့ဘဲ တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မည်။
- ရောဂါဘယ ကင်းဝေးခြင်း: အသည်းအဆီဖုံးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါ သည်။
ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေပြီလဲ ?
- Fasting Blood Sugar (FBS)
- HbA1c (၃ လစာ သွေးတွင်းသကြားအခြေအနေ)
- Lipid Profile (အဆီဓာတ် စစ်ဆေးမှု)
စမ်းသပ်မှုများကို အရင်ဆုံး သိရှိထားဖို့ စစ်ထားသင့်ပါသည်။
💡 ကျန်းမာရေးအတွက် အကြံပြုချက်
သကြားကို တစ်ခါတည်း ဖြတ်ရခက်နေပါက အချိုရည်များအစား ရေများများသောက်ခြင်း၊ အသီးအနှံများ ပြောင်းလဲစားသုံးခြင်းတို့ဖြင့် စတင်နိုင်ပါသည်။
ပရိုတင်းနှင့် အမျှင်ဓာတ်ကို ပိုစားပါ ။ အစားအစာထဲတွင် Protein (အသား၊ ငါး၊ ဥ) နှင့် Fiber (ဟင်းသီးဟင်းရွက်) များများပါဝင်ခြင်းက ဗိုက်ဆာမှုကို ထိန်းချုပ်ပေးပြီး အချိုစားချင်စိတ် (Sugar Cravings) ကို လျှော့ချပေးနိုင်ပါသည်။
အချိန်မှန် အစာစားသုံးပါ။ အစာစားချိန်ကျော်သွားပါက သွေးတွင်းသကြားဓာတ် ကျဆင်းသွားပြီး အချိုအလွန်အကျွံပါသော မုန့်များကို အလွယ်တကူ စားမိတတ်သောကြောင့် အစာကို အချိန်မှန်စားသုံးပါ။
အိပ်ရေးဝဝ အိပ်စက်ပါ ။ အိပ်ရေးပျက်သည့်အခါ ခန္ဓာကိုယ်က စွမ်းအင်လိုအပ်လာပြီး အချိုဓာတ်နှင့် ကာဗိုဟိုက်ဒရိတ် (Carbohydrates) များကို ပိုမိုတောင့်တတတ်သောကြောင့် တစ်နေ့လျှင် (၇) နာရီမှ (၈) နာရီအထိ အိပ်စက်ရန် လိုအပ်ပါသည်။
အရေးကြီးဆုံးကတော့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု (Medical Check-up) ပြုလုပ်ဖို့ မမေ့ပါနဲ့။
Dr Chan Myae Thinn
MBBS, MBA, Associate fellow of Australasian College of health service management



